ကျွန်တော်နှစ်ခြိုက်ခဲ့သောကဗျာများ - ၁ ( ပထမဆုံးကဗျာစာအုပ်မှ )

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ပထမဆုံးကဗျာစာအုပ်မှ ကျွန်တော်နှစ်သက်သော.....

ကဗျာစာအုပ်ကလေးရဲ့နံမည်ကို “ထွက်ပေါက်များ၏ရာဇ၀င်”လို့ ပေးခဲ့ပါတယ်.... အိုင်ဒီယာရသလိုပဲပေါ့... ဘာရယ်လို့တော့ရည်ရွယ်ရိုးထုံးစံမရှိပါဘူး... အသက်ကလည်း ငယ်၊ အတွေ့အကြုံကလည်း နုဆိုတော့ အဲ့ဒီစာအုပ်လေးဆီက စာသားတွေဟာ အတွေးရိုးရှင်းလွန်းလှပါတယ်....

ကဗျာတွေထဲကမှ ကျွန်တော်နှစ်ခြိုက်ခဲ့တဲ့ကဗျာလေးတွေကို ကောက်နှုတ်ပြီး ရေးသွားပါ့မယ် ( ကျွန်တော့်ကဗျာတွေတော့ မပါပါဘူး။ ကိုယ့်ကဗျာတွေကို ကိုယ်မကြိုက်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် )
ကျွန်တော့်သူငယ်ချင်းတွေရဲ့ လက်ရာတွေကို ရှုစားကြပါကုန်။ အကယ်၍ အဝေးရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ယောက်က သူ့ရဲ့ကဗျာတွေကို ပြန်မြင်မိလို့ ပီတိဖြစ်မိမယ်ဆိုရင်ပဲ ၀မ်းမြောက်လှပါပြီ။

--------------------------

အဖေသို့ဝန်ချခြင်း (ချစ်ညီမ )


အဖေ...
G.T.C ဆိုတဲ့ကျောင်းတော်ကြီးကို
အထုပ်ကို ရင်မှာပိုက်
အဖေနဲ့အမေကို ဦးခိုက်ရင်း
သားကြိုးစားမယ်လို့ အတွေးနဲ့
လာတုန်းက ရည်ရွယ်ချက်တွေတစ်မျိုးပေါ့အဖေ။

ရောက်စက တစ်လနှစ်လ
နေ့မအိပ်ညမအိပ် ကြိုးစားလိုက်တဲ့စာတွေ
အများက စာဂျပိုးလို့ ကင်ပွန်းတပ်ခဲ့
ငွေကိုလည်း မသုံး၊ ချွေတာဦးဆိုတဲ့ မှာစကားကြောင့်
သားလိမ္မာဆိုပြီး ခေါင်းမော့ရင်ကော့စွာနဲ့ပေါ့ အဖေ။

တစ်လထက်မက ရက်တွေရလာတော့
အကျင့်ကပျက် မိတ်ဆွေမက်လာပြီပေါ့
ငွေကိုလည်းဖြုန်း ရေလိုသုံးတတ်ပြီ
အပျော်အပါးဖက် ကျောင်းပျက်ရက်လည်းများပြီ။

Billiard ထိုး၊ အရက်ဖိုးနဲ့
မွဲဖို့အကြံ ဖဲဖိုးဒဏ်ကြောင့်
ထောက်သမျှငွေ ရောက်စနဲ့ကြွေးဆပ်ရ
ပါသမျှ ကုန်ကြတာပဲအဖေ။

ကျောင်းသို့မနက် လာတဲ့ရက်မှာ
ချစ်သူ့မျက်နှာ ကဗျာတွေဖတ်
ဖီလင်တွေတက်ရင်း
သင်သမျှစာ ယောင်ချာချာနဲ့
ဘာမှန်းတောင် မရေရာခဲ့
ဒါပေမယ့် သားကျေနပ်ခဲ့ပါတယ် အဖေ။

ချစ်သူ့အကြိုက် အလိုလိုက်ရင်း
လဖက်သုပ်နဲ့ မုန့်ဟင်းခါး သားစားတတ်ခဲ့ပြီ
တော်မ၀င်ရင် ကျုပ်ဝင်မယ်ဆိုတဲ့ ငြူစူစကား
သူမူသွားမှာစိုးလို့ ၀င်ခဲ့ရတဲ့အအေးဆိုင် ( တော်ဝင် )
ငွေပို့မနိုင်ပါပဲ။

အများကတောင် လူဆိုးလို့ကင်ပွန်းတပ်
နံမည်တောင် ပျက်နေခဲ့ပြီ
ရင်နင့်သည်းခြား ချစ်သက်ထားလည်း
လူဆိုးလို့ယှဉ်နှိုင်း ကျောခိုင်းသွားခဲ့ပြီ။

သားနားလည်ပါပြီအဖေ။
သားသုံးတဲ့ငွေ အဖေ့ရဲ့သွေးတွေပါပဲ
ခြေရာတွေအထပ်ထပ် နင်းဖြတ်ခဲ့တာ
အဖေ့ရဲ့နှလုံးသားတွေပါပဲ
ဒီရှေ့ကို မဆိုးမမိုက်
သားကြိုးစားမယ်လို့ ဂရုစိုက်ရင်း
အဖေရယ် ၀န်ချခဲ့ပါတယ်။

အပြစ်မဆိုရက် ကြင်နာတတ်တဲ့မျက်ဝန်းတွေနဲ့
လိမ္မာတဲ့သား ကြီးပွားဦးမှာဆိုတဲ့စကား
မကြားသာလို့ ခေါင်းကိုငိုက်
လက်ကိုပိုက်ရင်း သားမိုက်ကြေကွဲ။ ။



ရှင်းချက်။ ။ဒီကဗျာလေးကိုရေးတဲ့သူငယ်ချင်းကို ယောက်ျားလေးလို့ထင်မိကြမှာပဲ။ အမှန်တော့ မိန်းကလေးပါ။ သူက သူ့ရဲ့သူကြုံတွေ့ရတဲ့သူငယ်ချင်းအသိုင်းအ၀ိုင်းထဲကဟာတွေကို ရေးလိုက်တာပါ။ အမှန်တကယ်တော့ ကျောင်းသားတွေဆိုတာ ဒီလောက်ကြီးလဲ ဆိုးလှတာ မဟုတ်ပါဘူး... ( ဂျီတီစီကျောင်းသား )

2 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment